နည်းနေတဲ့ ပျော်ရွှင်မှုဟော်မုန်းတွေကို ဒီလိုပြန်အစားထိုးပါ
လူတစ်ယောက်အတွက် ပျော်ရွှင်တယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်စေဖို့ ကျွန်တော်တို့ ဦးနှောက်ကနေ ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ထုတ်လုပ်ပေးရပါတယ်။
ဒီဟော်မုန်းတွေ များလာတာနဲ့အမျှ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး လူကိုသက်သောင့်သက်သာဖြစ်စေတယ်။ တစ်ချိန်တည်းမှာပဲ စိတ်ဖိစီးမှုဟော်မုန်းတွေ များလာရင်လည်း ပျော်ရွှင်ခြင်းဟော်မုန်းတွေ နည်းသွားပြီး လူက စိတ်ဖိစီးတဲ့ဒဏ်ကို ခံစားရနိုင်ပါတယ်။
ပျော်ရွှင်ခြင်းဟော်မုန်းရယ်လို့ ဆိုလာရင် -
၁။ ဒိုပါမင် (Dopamine)
ကောင်းမွန်တဲ့စိတ်ခံစားချက်တွေ ဖြစ်စေတဲ့ ဟော်မုန်းဖြစ်ပြီး ဦးနှောက်အာရုံကြောစနစ်ကနေ ထုတ်လုပ်ပေးလိုက်တဲ့ Neurotransmitter ဖြစ်ပါတယ်။ ဒီဟော်မုန်းဟာ သက်သောင့်သက်သာဖြစ်တဲ့ ခံစားချက်အပြင် သင်ကြားရေးနဲ့ မှတ်ဉာဏ်ကိုလည်း ပိုကောင်းစေဖို့ ကူညီပေးပါတယ်။
၂။ ဆီရိုတိုနင် (Serotonin)
စိတ်ခံစားချက်တွေကို ပုံမှန်အတိုင်းလည်ပတ်နိုင်စေဖို့နဲ့ အအိပ်၊ အစားမှန်စေဖို့၊ အစာကြေလွယ်စေဖို့နဲ့ သင်ယူမှုစွမ်းရည် ပိုအားကောင်းစေဖို့ ကူညီပေးတဲ့ ပျော်ရွှင်ခြင်းဟော်မုန်းပဲ ဖြစ်ပါတယ်။
၃။ အောက်စီတိုစင် (Oxytocin)
ချစ်ခြင်းမေတ္တာရဲ့ ဟော်မုန်းလို့လည်း လူသိများတဲ့ ဒီဟော်မုန်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေ ကောင်းစွာမီးဖွားနိုင်စေဖို့၊ မွေးကင်းစကလေးကို နို့တိုက်ကျွေးဖို့နဲ့ သားသမီးနဲ့မိဘအကြား သံယောဇဉ်ကြိုးတွေ ခိုင်မြဲစေဖို့ ကူညီပါတယ်။ အချစ်ရေးမှာလည်း ကိုယ်ချစ်ရသူအပေါ် ယုံကြည်မှု၊ မေတ္တာ၊ ကရုဏာသက်ဝင်စေပြီး သံယောဇဉ်ကြိုးတွေနဲ့ ရစ်ပတ်ချည်နှောင်စေပါတယ်။
၄။ အင်ဒိုဖင် (Endorphins)
အကိုက်အခဲပျောက်စေတဲ့ ဟော်မုန်းဖြစ်ပြီး စိတ်ဖိစီးမှု၊ နာကျင်မှု၊ သက်သောင့်သက်သာမဖြစ်တဲ့ ခံစားချက်တွေကို ပပျောက်စေကာ လူ့စိတ်ထဲ နေထိုင်လို့ကောင်းစေပါတယ်။
ဒီဟော်မုန်းတွေကို ပမာဏတစ်ခုအထိ ကောင်းကောင်းထိန်းထားနိုင်တဲ့အခါ လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ
- ပျော်ရွှင်လန်းဆန်းပြီး တစ်နေ့တာလုံး တက်ကြွနေမယ်
- ချစ်ခြင်းမေတ္တာရဲ့ အေးချမ်းမှုနဲ့ နွေးထွေးမှုကို ခံစားရစေတယ်
- လိုအပ်တဲ့ အားအင်တွေကို ပြန်ဖြည့်ဆည်းပေးပြီး နုန်းချိပင်ပန်းနေတဲ့ ခံစားချက်တွေကို သက်သာစေတယ်
- ဦးနှောက်မှတ်ဉာဏ်ပိုကောင်းစေပြီး တီထွင်ဖန်တီးနိုင်စွမ်း တက်စေတယ်
- စိတ်ဖိစီးမှုဒဏ်ကို ပိုကြံ့ကြံ့ခံနိုင်စေပြီး စိတ်ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
ဒါပေမယ့် စိတ်ဖိစီးမှုဟော်မုန်းတွေ များသထက်များလာပြီဆိုရင်တော့ ဒီပျော်ရွှင်ခြင်းဟော်မုန်းတွေကို လျော့နည်းလာမှာဖြစ်ပြီး နောက်ဆက်တွဲ စိတ်ကျန်းမာရေးပြဿနာတွေ ပိုဝင်လာတတ်ကာ ကိုယ့်စိတ်ကို ပြိုလဲသွားစေနိုင်ပါတယ်။ ဒီလိုမျိုး နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုတွေ ကြုံတွေ့ခံစားနေရပြီဆိုရင် ကိုယ့်ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ပြန်အစားထိုးနိုင်ဖို့
- အိမ်ထဲမှာ တစ်ယောက်တည်းလှောင်ပိတ်မနေဘဲ အပြင်ထွက်ပြီး နေရောင်ခြည်နဲ့ များများထိတွေ့ပါ။ ချစ်ရသူတွေနဲ့ တွေ့ပြီး လျှောက်လည်တာ၊ စကားပြောရယ်မောတာမျိုး လုပ်ပေးပါ။
- ချွေးများများထွက်ပြီး စိတ်ညစ်စရာတွေ မေ့ပျောက်သွားတဲ့အထိ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်ပေးပါ။
- ချစ်ရတဲ့မိသားစုအတွက် အချိန်ပိုပေးပါ။
- တစ်နေ့တာမှာ ဘယ်လောက်ပဲအလုပ်များနေပါစေ ကိုယ့်ကိုယ်ကိုအတွက် အချိန်ပေးပါ။ ဒီအချိန်မှာ ကိုယ့်ကို စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုပေးနိုင်တဲ့ ဝါသနာပါရာတွေကို များများလုပ်ပေးပါ။
- စိတ်ချမ်းသာစရာ တီးလုံးတွေကို များများနားထောင်ပေးပါ။ ညအိပ်တဲ့အခါမှာလည်း စိတ်ငြိမ်တီးလုံးတွေဖွင့်ပြီး အိပ်လို့ရပါတယ်။
- တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ယောဂဆော့တာမျိုး လုပ်ပေးပါ။
- ကိုယ့်ကိုယ်ကို တန်ဖိုးပိုထားပြီး ကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ပေးပါ။
ဒီအချက်တွေကို နေ့စဉ်ပုံမှန်လုပ်တာတောင် ကိုယ့်အတွက် ပျော်ရွှင်တဲ့ခံစားချက်မျိုး မဝင်သေးဘူး၊ ကိုယ့်ကိုယ်ကို ဒုက္ခပေးဖို့အတွေးတွေ ခဏခဏ ဝင်နေရင်တော့ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ အကြံပေးချင်ပါတယ်။
ရဲမျိုးမြတ်